Tuesday, February 10, 2009

သတိပြုသင့်သည့် လူတွေပြောသောဆေးပညာ အယူအဆများ

မြန်မာ့တိုင်းရင်းဆေးပညာသည် ကျွန်တော်တို့ ဘိုးဘွားဘီဘင်များလက်ထက်ကတည်းက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် အထောက်အပံ့တစ်ခုဖြစ်ခဲ့ပြီး ယနေ့ထိတိုင် ပြည်သူများအားကိုးအားထားပြုကြသည်မှာ မလွဲပေ။ နိုင်ငံတော်မှလည်း တိမ်မြုပ်ပျောက်ကွယ်မသွားစေရန် ရည်ရွယ်၍ မြန်မာ့ရိုးရာဆေးပညာအား ဆက်လက်ထိန်းသိမ်းကြရန် အကောင်အထည်ဖော်ဆောက်ရွက်ကြိုးပမ်းနေပေသည်။ ထို့ပြင် မြန်မာ့တိုင်းရင်းဆေးဆရာများ အရည်အချင်းပြည့်မီအဆင့်အတန်းမြှင့်မားရေးအတွက်လည်း သင်တန်းများ၊ စံကုထုံးများအား စဉ်ဆက်မပြတ်လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါသည်။ ထို့ကြောင့်လည်း န၀မအကြိမ် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလ ၂ရက်မှ ၃ရက်အထိ ကျင်းပပေးခဲ့ပါသည်။ မြန်မာ့တိုင်းရင်းဆေးပညာရှင်များအား အရည်အချင်းပြည့်မီနှုန်းမီစံကိုက် ပညာပြည့်ဝမှသာ ပြည်သူ့ကျန်းမာရေးကို စောင့်ရှောက်ရာတွင် ရာနှုန်းပြည့်စွမ်းဆောင်နိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေသည်မှာ န၀မအကြိမ် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံမှ သက်သေခံလျက်ရှိပါသည်။ယနေ့ပြည်သူများကြားတွင် အရပ်သုံးဆေးနည်းများမှာ သတိပြု ဆင်ခြင်ဖွယ်ရာများ ဖြစ်ခဲ့သည်။ ဥပမာ - ထိခိုက်ရှနာသွေးထွက်ခဲ့သော် အချိုမှုန့်သိပ်ပါ။ မီးလောင်လျှင် ဆားရည်လောင်းပါ။ ပန်းနာထ၍ ချောင်းဆိုးလျှင် ပိုးဟပ်အရှင်ကို ရေနွေးပူပူတွင်ထည့်ပြီး ၎င်းရေနွေးသောက်ပါ။ ဖနောင့်နာလျှင် သံပူနင်းပါ။ AIDS ရောဂါအတွက် ပြဒါးပြာ၊ ရွှေပြာစားပါ။ ခါးနာလျှင် ခါးအားရေစိမ်ပြီး နင်းပါ။ ချမ်းဖျားတုန်ဖျားသော် ညသိပ်ရေခုနစ်အိုးအား ခေါင်းမှလောင်းချိုးပါ။ ရေဖျဉ်းဖြစ်လျှင် ၀က်သားဟင်းအ၀စားပါ။ ကိုယ်ရေ၀ါလျှင် မင်းဂွတ်သီးနှင့် သကြားတွဲစားပါ - စသည်ဖြင့် နည်းမျိုးစုံတွေ့ရပေသည်။ ကျွန်တော်တို့သည် မိမိဘာသာအသုံးပြုနေကြခြင်းဖြစ်သည်။ တစ်ယောက်စကား တစ်ယောက်နားမှ သယ်ဆောင်လာသော ကုထုံးများဖြစ်သကဲ့သို့ မိမိတို့ပြုလုပ်အပ်သောအရာတို့သည် သမားတို့အမှန်တကယ်အသုံးပြုသော ဆေးအသုံးများဖြစ်သလားဟု သုံးသပ်သတိပြုအပ်ပါသည်။မြန်မာလူမျိုးတို့ အသုံးပြုနေသော ဆေးမြီးတို(သို့မဟုတ်) ဆေးအမယ်တို(သို့မဟုတ်) မြစ်ချင်းပြီးနည်းစနစ်တို့သည် ဆေးကျမ်းများတွင် အမှန်တကယ်ရှိပါသည်။ ဥပမာ - လောကျမ်းထဲတွင် “အင်ပြင်ပေါက်သော မခက်လော၊ ချက်ပေါ် ဆားအုံသော် မပျောက်လော” စသည်ဖြင့် တစ်မယ်ချင်း၊ တစ်ခုချင်းကို အသုံးပြုသော နည်းစနစ်များရှိပါသည်။ တစ်ခါကလည်း “စူလာနဖာ၊ စူလာနဖာ” ဆိုပြီး ပြည်သူတွေကြားထဲမှာ အော်နေပြန်ပါသည်။ စူလာနဖာက ရောဂါပေါင်းစုံပျောက်တယ်ဖြစ်ပြန်ပါသည်။ ပြည်သူတွေကတော့ ဘာပဲဖြစ်ဖြစ် စူလာနဖာကို သုံးဆောင်ကြပါသည်။ အဲဒီတော့ နောက်ဆက်တွဲအနေဖြင့် ဆေးပင်ကတော့ ရောဂါအပေါ် အာနိသင်ရှိ၊မရှိတော့မသိ။ စူလာနဖာအား ဈေးများတွင် ဟင်းသီးဟင်းရွက်ကဲ့သို့ ပုံရောင်းတာတွေဖြစ်ခဲ့ပါသည်။ မြန်မာ့တိုင်းရင်းဆေးကျမ်းများတွင် စူလာနဖာအား ရောဂါပေါင်းစုံအသုံးကို တိကျစွာမတွေ့ရပေ။ ထို့နောက် “ပိစပ်၊ ပိစပ်” ဖြစ်ပြန်ပါသည်။ ရောဂါဆိုးပျောက်တယ်။ ယနေ့ခေတ်ကုမရတဲ့ ရောဂါတွေပျောက်တယ်ဟု ပြည်သူများကြား၌ အော်ပြန်ပါသည်။ ရောဂါတွေပေါ် အာနိသင်ရှိ၊မရှိတော့မသိ၊ နေရာတိုင်းမှာ ပိစပ်ဆေးပြားရသည် ဆိုင်းဘုတ်များကတော့ ကျွန်တော်တို့မျက်လုံးထဲအတွေ့ရများလာပါသည်။ ယနေ့ခေတ်မူ ပိစပ်ဟာ ရောဂါဆိုးများအမှန်တကယ်ပျောက်ခဲ့လျှင် နှစ်ရှည်လများရေးသားထားတဲ့ မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ ကျွန်တော်လက်လှမ်းမီသလောက် လေ့လာတဲ့အခါမှာ ဖော်ပြထားခြင်း မရှိသည့်အတွက် ကျွန်တော့် ဘိုး၊ဘွား ဆရာသမားကြီးများကို စိတ်ဆိုးလိုက်ချင်ပါသည်။တစ်ခါက ကျွန်တော် ပြည်ဘက်ကို ခရီးထွက်တော့ ပြည်-ရန်ကုန်ကားပေါ်မှာ ကျောက်ချဉ်နက်ဆိုပြီး ရောင်းပါသည်။ မြန်မာ့တိုင်းရင်းဆေးကျမ်းများတွင် ဖော်ပြထားသည့် ကျောက်ချဉ်နက်ဆေးအသုံးများအတိုင်း ရောဂါတွေပျောက်တယ်။ ခွန်အားတွေပြည့်ဝတယ်ဆိုပြီး ရောင်းနေပါသည်။ ဒီလိုနဲ့ ကျွန်တော်ဆေးပစ္စည်းကို သေချာစစ်တော့ အတုဖြစ်နေပါသည်။ ကျောက်ချဉ်နက်ဆိုသည်မှာ ကျွန်တော်တို့ရိုးရာဆေးကျမ်းများတွင် ပြဆိုထားပြီး အမှန်တကယ်ရှားပါးတဲ့ မြေထွက်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ တော၊ တောင်တွေ ထူထပ်ကြီးမားတဲ့ စိမ့်စမ်းတွေအောက်မှာ ဖြစ်လေ့ရှိပြီး တန်ဆောင်မုန်း၊ နတ်တော်လအချိန်တစ်ချိန်တည်းသာ ရေငုတ်ယူရတဲ့ ဆေးပစ္စည်းတစ်မျိုးဖြစ်တယ်လို့ သက်ကြီး၊ ၀ါကြီးသမားတော်ကြီးတွေ ပြောကြားတာ ကျွန်တော်ကြားဖူးပါသည်။ တစ်ခါကလည်း လက်ဝဲကန့်တိုက် ရောင်းရန်ရှိသည်ဆိုပြီး ဆရာတစ်ယောက်က လာပြောပါသည်။ ကျွန်တော် အတု၊အစစ်မခွဲတော့ပါ။ ရောင်းမယ်လို့ပြောလိုက်ကတည်းက အဲဒီဆေးပစ္စည်းသည် အတုပင်ဖြစ်ပါသည်။ အမှန်တကယ် အစစ်ဆိုလျှင် ကျွန်တော်အပါအ၀င်သမားတော်များ ဘယ်တော့မှ ရောင်းမည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် အမှန်တကယ်ရှားပါးပြီး သိဒ္ဓိ၀င်ဆေးပစ္စည်းတစ်မျိုးဖြစ်ခဲ့လို့ပါ။တစ်ခါက ကျွန်တော် G.P တွင် ဒူးနာဝေဒနာရှင်တစ်ဦးအား အရပ်ထဲမှ ပုဂ္ဂိုလ်တစ်ဥိးက လေ့ကျင့်ခန်းလုပ်ပါ။ ကျွန်ုပ်ဒူးနာတုန်းက လေ့ကျင့်ခန်းလုပ်လို့ပျောက်တာပါဆိုပြီး အကြိမ် ၃၀၀ခုန်ခိုင်းပါသည်။ ထို့နောက် ၎င်းဒူးဝေဒနာရှင် မထနိုင်တော့ပါ။ လေ့ကျင့်ခန်းဆိုသည်မှာ ရောဂါဝေဒနာရှင်များအတွက် သူများလုပ်တိုင်း လုပ်ရမည့်နည်းစနစ်မဟုတ်ပေ။ မိမိရောဂါ၊ မိမိကိုယ်ခံစွမ်းအားနှင့် ချိန်ဆလျက် တတ်ကျွမ်းသော ပညာရှင်မှ စနစ်တကျညွှန်ကြားမှသာ လုပ်သင့်သော စနစ်တစ်ခုဖြစ်သည်။ တစ်ခါက ကျွန်တော့်မိတ်ဆွေတစ်ယောက် ပိန်ချင်လွန်း၍ နေ့စဉ် မန္တလေးကျုံးတစ်ပတ်လမ်းလျှောက်ပါသည်။ နေ့တိုင်းလမ်းလျှောက်ပြန်လာ မောမောနှင့် အစားများများစား၍၊ ခန္ဓာကိုယ်မပိန်ဘဲ ရှိတော့မှ စိတ်ပျက်လက်ပျက်နှင့် ကျွန်တော်လမ်းလျှောက်တာ မပိန်ပါလားလို့ ဆင်ခြေပေးပါသည်။လမ်းလျှောက်တဲ့လေ့ကျင့်ခန်းဟာ အကောင်းဆုံးနည်းစနစ်တစ်ခုဖြစ်ပါသည်။ သို့ပေမဲ့ သူများလမ်းလျှောက်တဲ့နှုန်းအတိုင်း၊ ခရီးအတိုင်း ကိုယ့်ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပါ့မလားလို့ ဆုံးဖြတ်သင့်ပေသည်။ သူများတွေလျှောက်တိုင်း ကျွန်တော် တစ်နေ့ဘယ်နှစ်မိုင်ထိ မရ-ရအောင် လျှောက်တယ်။ ခန္ဓာကိုယ်ကပင်ပန်းပြီး ဆက်လုပ်နေလျှင်တော့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းမဟုတ်တော့ပေ။ ဆိုလိုသည်မှာ လမ်းလျှောက်သည်ဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်သည်ဖြစ်စေ မိမိခန္ဓာကိုယ်၊ မိမိဝန်နှင့် မျှတအောင်လုပ်သင့်ပါသည်။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ခန္ဓာကိုယ် ပင်ပန်းနွမ်းနွယ်ခဲ့လျှင်တော့ မိမိလုပ်သော လေ့ကျင့်ခန်းစနစ်ကို တတ်ကျွမ်းသောပညာရှင်ဖြင့် တိုင်ပင်သင့်ပေသည်။ ပတ်ဝန်းကျင်မှ ပြောတိုင်း၊ လုပ်-လုပ်ဆိုတိုင်း သတိဖြင့် ဆင်ခြင်သင့်ပါသည်။မြန်မာ့တိုင်းရင်းဆေးပညာနည်းစနစ်အရ ဆေးဆိုသည်မှာ “ပဉ္စဓာတု ငြိမ်ဝပ်မှုကို ပြုနိုင်သည်မှာ ဆေးမည်ရာ၏” ဟု ဆိုပါသည်။ လူ့ခန္ဓာကိုယ်တွင် ဓာတ်ကြီးလေးပါး(သို့မဟုတ်)ပဉ္စဘုတ်ငါးပါးတို့၏ ထကြွသောင်းကျန်းမှုကို ငြိမ်ဝပ်အောင် နှိမ်နှင်းရမည်ဟု ဆိုသည်။ ထို့ပြင် တိုင်းရင်းဆေးကျမ်းများတွင် ဆေးမှန်သမျှ အဆိပ်အာနိသင်ရှိ၏။ မလိုအပ်ဘဲ လုံးဝ မသောက်သုံးရန်လည်း တားမြစ်ထားပါသည်။ ဆေးဝါးအဖြစ်အသုံးချရန် ကုန်ကြမ်းပစ္စည်းဖြစ်သည့် အပင်ဖြစ်စေ၊ ဓာတ်သတ္တုဖြစ်စေ ဆေးအဖြစ်ပြုလုပ်ရန်အတွက် အဆင့်ဆင့်စည်းကမ်းချက်များသတ်မှတ်ထားပါသည်။ ဥပမာ - အပင်တစ်ပင်၏အရွက်အား ဆေးအဖြစ်အသုံးချရန်အတွက် အရွက်ကိုခူးဆွတ်မည်ဆိုပါစို့။ အရွက်ကို ခူးဆွတ်ရာတွင် အရွက်များအရောင်မပြောင်းမီ ယူအပ်၏။ အခြား အမြစ်၊ အသီး၊ အပွင့်၊ အခေါက်တို့သည်လည်း သူ့စည်းကမ်းများအတိုင်း ခူးဆွတ်ရပေသည်။ထို့ကြောင့် “အဌင်္ဂဟဒယကျမ်း” ၌ ဆေးဝါးဖော်စပ်ရာတွင် အောက်ပါအင်္ဂါရပ်များနှင့် ပြည့်စုံရမည်ဟု သတ်မှတ်ထားပါသည်။“ဗဟုကပ္ပံ ဗဟုဂုဏံ သမ္ဗန္နံ ယောဂျံသြသဓံ”ဗဟုကပ္ပံ - အဆီ၊ အမှုန့်၊ အလုံး၊ သတ္တုရည်၊ ပြုတ်ရည် စသည်တို့ဖြင့် ရောဂါကို ဖျက်ဆီးနိုင်အောင် ကြံဆောင်လုပ်ကိုင်ခြင်း။ဗဟုဂုဏံ - ရောဂါကို ဖျက်ဆီးနိုင်သော ဂရု၊ ဗလ၊ လဟု၊ မန္ဒ၊ အာသု စသောဂုဏ်တို့နှင့်ပြည့်စုံသော အကျိုးသွားထက်သော ဆေးများရှိခြင်း။သမ္ဗန္နံ - ကောင်းသောမြေ၊ ကောင်းသောရာသီဥတု၊ ကောင်းသောကာလ စသည်တို့၌ဖြစ်သောကြောင့် များစွာချီးကျူးဖွယ်သော ဆေးပစ္စည်းနှင့်ပြည့်စုံခြင်း။ယောဂျံသြသဓံ - ရောဂါ၊ ဒေသ၊ ကာလ၊ ဒေါသ၊ ဗလ စသည်တို့ကိုသိလျက် ရောဂါနှင့် ဆေးကိုက်ညီအောင်စပ်ယှဉ်နိုင်ခြင်း။ထို့အပြင် အပင်တစ်ပင်ထဲတွင် ပေါက်ရောက်ရာဒေသကွဲပါက အာနိသင်ကွဲပြားသည်ဟု မြန်မာ့တိုင်းရင်းဆေးပညာအဆိုက သတ်မှတ်ထားသည်။ ဥပမာ -(၁) ဇင်္ဂလ - လွင်တီးခေါင်ပြင် အရပ်မှပေါက်သောအပင်(၂) အနုပ - မြစ်များ၊ သမုဒ္ဒရာများရှိသော အရပ်၌ ပေါက်သောအပင်(၃) သာဓာရဏ - သမပိုင်းအရပ်၌ ပေါက်သောအပင်တို့သည်အပင်အမျိုးအစား အမည်တူပါလျက် ဆေးအသုံး၌ အာနိသင်အားဖြင့် ကွဲပြားခြားနားပါသည်။ ဤကား မြန်မာ့တိုင်းရင်းဆေးပညာနည်းစနစ်အရ ဆေးဝါးအဖြစ်အသုံးချရာ၌ ကျွမ်းကျင်ပိုင်နိုင်ရမည့် စည်းကမ်းချက်များပင်ဖြစ်သည်။ ထို့ကြောင့်လည်း ရောဂါပေါင်းစုံအား ဆေးတစ်မျိုးတည်းနှင့်ပင် အားလုံးပျောက်ကင်းသည်မှာ နည်းစနစ်အရမမှန်ကန်နိုင်ပေ။ထို့ကြောင့် ကျွန်တော်တို့သည် မိမိခံစားနေရသော ဝေဒနာအား မိမိကုသအပ်သော ဆေးပညာရှင်များထံ တိုင်ပင်ဆွေးနွေးပြီးမှသာ လိုအပ်ခဲ့သည်၊ မလိုအပ်ခဲ့ပါ စသည်ဖြင့် ခွဲခြားစိတ်ဖြာလျက် ကျင့်သုံးအပ်ပေသည်။ အရပ်ကပြောသော၊ အများပြောသော၊ ဆေးပညာရှင် မဟုတ်သော ပုဂ္ဂိုလ်များမှပြောသော၊ ကြားဖူးနားဝဖြင့် ပြောသော မည့်သည့်ဆေးနည်းများကိုမဆို အလွယ်တကူအားဖြင့် မသောက်သုံး၊ မပြုကျင့်ကြရန် တိုက်တွန်းတင်ပြအပ်ပါသည်။

> ရတနာပုံ သတင်းစာတွင် လှမျိုးဝင်း (တိုင်းရင်ေးဆးတက္ကသိုလ်) ရေးသားထားသော ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။
> Credits to my friend for sending the scanned newspapers to me

No comments:

Post a Comment